တကယ်ဆို ကျွန်တော်ကရိုးမအနောက်ဘက်ကလူ၊ သူက ရိုးမအရှေ့ဘက်ခြမ်းက ရွှေညာသူ
ဘာမှမဆိုင် အနေသာကြီး ၊ဒါပေမယ့်ဗျာ ကံဆုံချင်တော့ ရွှေဝါရောင် ပန်းပိတောက်တွေ
ဖူးပွင့်ဝေဆာနေချိန် မြူနှင်းတွေဝေနေတဲ့ နေရာမှာသူနဲ့ဆုံခဲ့ကြတယ်၊အဲဒီတုန်းက
ကျွန်တော်လည်းမြူနှင်းတွေကြားကိုရောက်သွားတာကိုး၊ ပိတောက်ပန်းတွေပေါချိန် ဆိုပေမယ့်
သူတို့ဆီမှာတော့သင်္ကြန်မှာပိတောက်ပန်းတွေငိုနေရှာပြီးငုံးပန်းတွေသာပြုံးပျော်နေလေရဲ့
ဘာပဲဖြစ်ဖြစ် ငုံးဝါတွေလည်းချစ်စရာ၊မြူနှင်းတွေလည်း ခင်စရာ၊ ကြံကြံဖန်ဖန် သူတို့ က
ဘယ်ကမှန်းမသိတဲ့ ကျွန်တော့်ကို ရေလာလောင်းကြတာဗျာ၊ ကျွန်တော်က ရေလိုနေတဲ့
သစ်ခြောက်ပင်လည်း မဟုတ်လေတော့ ထွက်ပြေးရတာပေါ့၊ ဒါတောင် သူတို့ က ဇွဲမလျှော့ဘူး
အခန်းထဲထိ လိုက်လာကြပြီး အတင်းခေါ်ပါလေရော။ ဒီလိုဆိုတော့လည်း ဘယ်ရမလဲ
ဘသားတစ်ပြန် ကျားတစ်ပြန်ပေါ့ ။ကျွန်တော်လည်းအစိုခံလိုက်ပြီး သူတို့ ကိုလည်း တ၀ကြီး
ပက်လိုက်တာပေါ့၊ ဒီလိုနဲ့ ကျွန်တော်တို့ ရေစက်ကဆုံဖြစ်သွားတယ် ဆိုပါတော့..။
ဒါပေမယ့် ကျွန်တော်တို့ ရေစက်ကပြတ်တောက် ပြတ်တောက်နဲ့ ပေါ့၊
ဖြစ်နေကြပုံ အဆန်းစုံကတော့ ကျွန်တော့်စိတ်ကလည်းပြတ်တယ် ဗူးဆို ကြက်သားဟင်း
မလိုဘူး၊ သူကတော့ ခပ်နောက်နောက် ကျွန်တော့်ကိုဆို ဘယ်တော့မှအကောင်းမပြောဘူး။
ဘယ်ပြောမလဲ ကျွန်တော်ကလည်းသူ့ ကိုဆိုယောင်လို့ တောင် အကောင်းပြောခဲ့ဖူးတာ မ
ဟုတ်ဘူး။ လမ်းသွားရင်လည်း ကြည့်ဦး သူက ဒီဘက်လမ်းက သွားရအောင်ဆို၊ ကျွန်တော်က
ဟိုဘက်လမ်းက သွားလိုက်ရမှ စိတ်ချမ်းသာတယ်၊ လ္ဘက်ရည်ဆိုင်ထိုင်တော့လည်း ဘာထူးလို့
လဲ၊ ကျွန်တော်က ထုံးစဉ်အတိုင်း ဖန်ချိုနဲ့ စမူဆာ၊ သူကတော့ ချိုဆိမ့်နဲ့အီကြာကွေး၊ ဒါက
တော့ တရားမျှတတယ် ကိုယ်ကြိုက်တာ ကိုယ်သောက်ပေါ့၊ ဒါပေမယ့် မဟုတ်ဘူးဗျာ ကျွန်
တော် စားနေတာစိုက်ကြည့်ပြီးတော့ နင် စားနေတာက ရွံစရာကောင်းလိုက်တာတဲ့၊ ဒီကလည်း
ဘယ်ခံပါ့မလဲ နင့် အီကြာကွေးက အီးတုန်းနဲ့ တူတယ်လို့ ပြန်ကောလိုက်တာပေါ့၊ အောင်မယ်
သူကစိတ်တွေဆိုးပြီး ကျွန်တော့်ကို ရန်လုပ်တာ လ္ဘက်ရည်ဆိုင် တစ်ခုလုံး ဆူညံသွားတယ်ဗျာ၊
အနေရိုးပေမယ့် ကပိုကယို ၀တ်တတ်တဲ့ သူ့ ကို အားမရလို့ ကျွန်တော်က အင်္ကျီဝတ်ရင် ပန်း
ရောင်လေးကို ၀တ်ပါဆိုတော့၊ နောက်တစ်နေ့ အနက်ရောင် ၀တ်လာခဲ့တာဗျာ၊ကျွန်တော်က
လည်း ဘာမှတော့ မပြောတော့ပါဘူး၊ သူ့ စိတ်ကြိုက် ၀တ်ပါစေပေါ့၊ ဒါပေမယ့် သူက အငြိမ်
မနေဘူးဗျာ၊ ငါအနက်ရောင်ဝတ်တာ ဘာသဘောလဲ သိလားတဲ့၊ကျွန်တော်လည်း ဘာမှ
ပြန်မပြောလိုက်ပါဘူး ငြိမ်နေလိုက်ပါတယ်၊ ပြီးတော့ သူက ဒါ နင့်အတွက် ၀မ်းနည်းခြင်း
အထိမ်းအမှတ် ဆိုပြီး ထပ်ကောလိုက်သေးတာဗျာ။ ကျွန်တော်ကလည်း ဘယ်ရမလဲ မသာမ
နင် သေတော့မှာပဲလို့ ဆိုတော့ သူက မနာဘူးဗျာ၊ စပ်ဖြဲဖြဲနဲ့ ရယ်ပြနေသးတာ၊ တခါတုန်းက
လည်း သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ဆွေးနွေးဝိုင်းကလေးတစ်ခု လုပ်ကြတယ်၊ အစပိုင်းမှာ
တော့ သူနဲ့ ကျွန်တော် တော်တော် အပေါက်တည့်သေးတယ်၊ ဒါပေမယ့် မကြာပါဘူးဗျာ
ဇာတိနာပေါ်ပါလေရော ၊ အားလုံးရဲ့ အလယ်မှာတော့ ကျွန်တော်တို့ နှစ်ယောက်က
အော်ကျောလံတွေပေါ့၊ သူပြောရင်လည်း ကျွန်တော်က မငြင်းပဲ မနေနှိင်၊ ကျွန်တော်
ပြောရင်လည်း သူက အနိုင်ယူရမှ စားဝင်အိပ်ပျော်သူ၊ သူသာရှုံးလို့ ကတော့ စူထွက်
လာတဲ့ သူ့ နှတ်ခမ်းကြီးက မန္တလေးတိရိစ္ဆာန်ဥယျာဉ်က ဆင်နှာမောင်းကျနေတာပဲ၊
ဒီလိုကျတော့လည်း ဘယ်ရမလဲ ကျွန်တော်က သူ့ နှာမောင်းလေးကို ခွပြီးစီးရုံပဲပေါ့
ဒီလောက် အပေါက်မတည့်တာတောင် တစ်ယောက်ကို တစ်ယောက် မတွေ့ ရရင်
မနေနိုင်၊ အကြောင်းမရှိ အကြောင်းရှာပြီး ဖုန်းတွေဆက်၊ စာတွေရေးနေခဲ့ကြတာ၊
ဖုန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ မိတ်ဆက်စကား စကားကတော့ မေတ္တာအ
ပြည့် ထုံလွှမ်းထားတဲ့ စကား ၊မသာမ နေကောင်းရဲ့ လားလို့ မေးလိုက်ရင် သူကလည်း
ရောင်းသူဝယ်သူ အသံတူ ငါ နေကောင်းတယ် မသာကြီးရေ၊ နင် မသေသေးဘူးလား
ဆိုတဲ့ စကားလာမယ်ဆိုတာ အလိုလိုသိနေပြီးသား၊ အဲ ငါ မသေသေးဘူး၊ ငါ မနက်ဖန်
ဘုရားကို သွားမယ်၊ နင် လာခဲ့ဦး ဆိုလိုက်ရင် စကားနာ တခုခုပြောပြီး၊ ဦးအောင်ရောက်
နေကျ။ တခါတုန်းကဆို ကျွန်တော် အင်မတန် ရင်ဘတ်နာခဲ့ရတယ်ဗျာ၊ သူနဲ့ အတူ ညဈေး
တန်းက ပြန်လာကြတော့ နာရီစင်နား အရောက်မှာ ကောင်လေးနှစ်ယောက်လာပြီး သူ့ ကို
မြင်တာနဲ့ ရင်းရင်းနှီးနှီး နှတ်ဆက်ကြတယ်ဗျာ၊ သူကလည်း မှိုတင်းတစ်ရာလောက် ရထားတဲ့
မျက်နှာနဲ့  ပြန်နှတ်ဆက်လိုက်သေးတယ်ဗျာ၊ ကျွန်တော့်ကိုတော့ ရှိတယ်လိုတောင် သတိရ
ပုံမပေါ်ဘူး။ ကျွန်တော်လည်း စိတ်မရှည်တော့တာနဲ့  စောင့်မနေတော့ပဲ တစ်ယောက်တည်း
လမ်းလျှောက်လာခဲ့ပြီး အနီးအနားက ခပ်လှမ်းလှမ်း အပင်တစ်ပင်အောက်မှာ စောင့်နေရတာ
ပေါ့ ၊ သံယောဇဉ်ရင့်မာနေပြီဆိုတော့ ဘာပဲပြောပြောစိတ်တော့မချဘူးလေ၊ အမောဆို့ အောင်
လေကန်ပြီးပြန်လာတဲ့ သူ့ ခမျာမှာ ကျွန်တော့်ကို မတွေ့ တော့ နဲနဲအားငယ်သွားဟန်ရှိတယ်၊
စကိုးလောက်ရှိနေတဲ့ မျက်နှာက ကြမ်းပိုးကျောကုန်းလောက်သာ ရှိတော့တဲ့ပုံ၊ ဒီလိုဆိုတော့
လည်း ကောင်မကငါ့ကို အားကိုးရှာသားပဲဆိုပြီး ရင်ဘတ်နာခဲ့မိတယ်၊ ဒါပေမယ့် မကြာပါဘူး
ကျွန်တော်ကို တွေ့ တာနဲ့ ၊ မသာကောင် နင် ဒီမှာ ဘာလုပ်နေတာလဲတဲ့၊ကျွန်တော်က နင့်
ကို စောင့်နေတာလို့ ပြောလိုက်တော့၊ နင် နဲ့ ငါ နဲ့ ဘာဆိုင်လို့ လဲတဲ့ဗျာ၊ နာနေတတ်ရင်ဘတ်
တစ်ခါတည်း အောင့်သွားတာပဲဗျာ။
ဒီလို…. ဘယ်ကရေစက်မှန်း မသိတဲ့ ကံကြမ္မာရေတင်စက်တွေနဲ့ ဆုံဖြစ်လာတဲ့
ကျွန်တော်နဲ့ သူကတော့မတွေ့ လိုက်နဲ့ တွေ့ တာနဲ့တဂျက်ဂျက်.. ရှိသေးတယ်ဗျာ..ပြောရင်
ကုန်မှာမဟုတ်ဘူး.. အင်း.. ဘာပဲဖြစ်ဖြစ်ပေါ့လေ... ကျွန်တော်နဲ့ သူက.. (၃ နဲ့ ၄) လို
ကျောချင်းကပ်ပြီး သူလည်း လက်သီးဆုပ်ရင်း..ကျွန်တော်လည်း လက်သီးဆုပ်ထားရင်း
ဦးတည်ရာ ပန်းတိုင်ကိုယ်စီနဲ့ ဘ၀ကို ရုန်းနေကြတယ်၊ ထူးထူးခြားခြား သူနဲ့ကျွန်တော် အမြင်
သွားတူနေတာလေး တစ်ခုတော့ရှိတယ်ဗျ.. အတွေးတွေလည်း တူနေကြတယ်..
ယုံကြည်ချက်တွေလည်း ထပ်တူညီနေကြတယ် .. သူလည်း ကျွန်တော်လိုပဲ လွတ်လပ်မှု..
တရားမျှတမှုနဲ့ လူသာချင်းစာနာထောက်ထားမှု တွေကို လိုလားတယ် မြတ်နိုးတယ်..။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ ဒီစိတ်ဓါတ်လေး တူတာတစ်ခုနဲ့တင် သူနဲ့ကျနော် လက်တွဲဖြစ်နေတယ်
သံယောဇဉ်တွေ ခိုင်မြဲနေတယ်ဆိုပါတော့...
သိတယ်မလား၊ ခုလည်း သူက တနေကုန် တနေခမ်း အခန်းအောင်းနေပြီး
ကျွန်တော်ရေးတဲ့ post တွေကိုဖတ်ပြီး စွပ်စွပ်စွဲစွဲ ပေါက်ကရ ကိုးဆယ် ပြောတော့မယ်။
အော်..ဘာပဲဖြစ်ဖြစ်ပေါ့ ဆိုးဖော်ဆိုးဖက် သူငယ်ချင်းရေ.. နင် နဲ့ ငါ ရန်ခဏခဏ
ဖြစ်လေလေ နင့်ကိုငါ မုန်းလို့ မရလေလေပဲကွယ်………………………….။
No comments:
Post a Comment